ထမင်းလုံး တစ္ဆေခြောက်ခြင်းဆိုတာ
ဒီပြဿနာက မြန်မာလူမျိုးတွေကြားထဲမှာတော့ ထမင်းလုံး တစ္ဆေခြောက်တယ်လို့ လူပြောများတတ်ကြပါတယ်။ အဓိက အိပ်ပျော်တဲ့အချိန်မှာ ကိုယ့်ခြေထောက်ကြားထဲမှာ ထမင်းလုံးကပ်ငြိနေတဲ့အတွက် ထမင်းလုံးတစ္ဆေက ကိုယ့်ခြေထောက်ကို လှမ်းဆွဲလိုက်တာလို့ အရပ်သုံးစကားအရ ဆိုထားကြပေမယ့် တကယ်တမ်းမှာ အဖြစ်များတဲ့ အိပ်စက်မှုဆိုင်ရာ အခြေအနေတစ်ခုပါပဲ။
ထမင်းလုံး တစ္ဆေခြောက်ခြင်းဆိုသည်မှာ…?
၁။ ထမင်းလုံး တစ္ဆေခြောက်တာကို ကျန်းမာရေးပိုင်းဆိုင်ရာအရ Hypnagogic Jerk လို့ခေါ်ပြီး အိပ်ပျော်နေတဲ့အချိန်မှာ ရုတ်တရက် ပြုတ်ကျသွားသလို၊ ခြေထောက်က တစ်ခုခုကိုလှမ်းကန်လိုက်သလို၊ ရွေ့လျားလှုပ်ရှားသွားသလို၊ တစ်ယောက်ယောက်က ဆောင့်ဆွဲလိုက်သလို ခံစားရတဲ့ အခြေအနေတစ်ခုပါ။
၂။ ဒီအခြေအနေဟာ အိပ်ပျော်နေတဲ့အချိန်မှာ ဖြစ်တတ်ပြီး ပုံမှန်အားဖြင့် အိပ်မက်မက်နေသလို ခံစားရကာ ဆက်ပြီး အိပ်ပျော်သွားတတ်ပြီး တချို့သူတွေမှာတော့ အိပ်နေရင်း လန့်နိုးလာတတ်ပြီး ကြောက်တဲ့စိတ်၊ အမည်ဖော်မရတဲ့ အတွေးတွေ ဝင်လာလို့ ဆက်ပြီးအိပ်ပျော်ဖို့ ခက်ခဲနိုင်ပါတယ်။
၃။ Hypnagogic Jerk အခြေအနေက အိပ်ပျော်ခြင်း အဆင့် (၁) - စစချင်းအိပ်ပျော်ပြီးကာစ အဆင့်မှာ ဖြစ်ပေါ်လေ့ရှိပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်မှာလည်း အဖြစ်နည်းပေမယ့် ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ဒီအခြေအနေဖြစ်ပြီးတဲ့အခါမှာ အိပ်မက်အနေနဲ့လို့ ထင်မှတ်မှားပြီး ဆက်အိပ်ပျော်လေ့ရှိပါတယ်။
၄။ ကဖင်းဓာတ်နဲ့ တခြားဦးနှောက်အာရုံကြောကို လှုံ့ဆော်ပေးတဲ့ ဆေးဝါးတွေ သောက်သုံးနေသူတွေမှာ ပိုအဖြစ်များပါတယ်။ ညအိပ်တဲ့အခါ ခြေထောက်ရုတ်တရက် ဆန့်လှုပ်တဲ့ရောဂါ (Restless Leg Syndrome) ၊ အဖျား ဒါမှမဟုတ် အအေးဒဏ်ကြောင့် ညအိပ်ချိန်ချမ်းတုန်နေတာ၊ အကြောလိုက်တာ စတဲ့ပြဿနာရှိသူတွေမှာလည်း ဖြစ်တတ်ပါတယ်။
စိုးရိမ်စရာရှိလား?
ယေဘုယျအားဖြင့် ဒီအခြေအနေဟာ ကျန်းမာနေတဲ့သူတိုင်းမှာ ရုတ်တရက်ဖြစ်တတ်သလို နောက်ဆက်တွဲအရ ကြီးကြီးမားမား ဖြစ်စေတာမျိုး မရှိပါဘူး။ ချွင်းချက်အနေနဲ့ -
- လန့်နိုးသွားတာကြောင့် ပြန်အိပ်ဖို့ခက်သွားတာ
- မကြာခဏ ဖြစ်လေ့ရှိတဲ့အခါ ညဘက်အိပ်ဖို့ကို စိတ်ထဲ Anxiety ဝင်လာတာ
- အိပ်ပျော်နေစဉ် ဆီးသွားတာ
- ပါးစပ်၊ လျှာကို ကိုက်လိုက်မိတာ
- တခြားအိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုခုကိုလည်း တွဲဖက်ခံစားနေရတာ
- ရုတ်တရက်ဖြစ်တဲ့ လှုပ်ရှားမှုကြောင့် ထိခိုက်မိတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်သင့်ပါတယ်။
ကာကွယ်လို့ရသလား?
Hypnagogic Jerk ဆိုတာ ရုတ်တရက်ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သလို ကြိုတင်ခန့်မှန်းထားတာ၊ အပြည့်အဝကာကွယ်နိုင်တာမျိုးတော့ လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေကို လျှော့ချဖို့
၁။ အိပ်ချိန်ကို ပုံမှန်အိပ်စက်မှုဇယားအတိုင်း အချိန်အတိအကျနဲ့ အိပ်စက်အနားယူတာ
၂။ အိပ်ခန်းကို သင့်တော်တဲ့ အပူချိန်၊ အအေးချိန်မှာ ထိန်းထားတာ
၃။ အသံလုံပြီး အလင်းမဝင်နိုင်တဲ့ အခန်းမှာ အိပ်စက်အနားယူဖို့
၄။ အိပ်ချိန်နဲ့ အနည်းဆုံး တစ်နာရီအချိန်ခြားပြီး ဖုန်း၊ ကွန်ပျူတာ၊ တီဗီ၊ ရုပ်ရှင်ကြည့်တာ ရပ်ဖို့
၅။ လေ့ကျင့်ခန်းလုပ်တာကို အိပ်ချိန်နဲ့ ခြားပေးဖို့
၆။ စိတ်ဖိစီးမှုကို လျှော့ချပေးတာ
၇။ ကဖင်းဓာတ်၊ အရက်၊ နီကိုတင်းပါတဲ့ ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးခြင်းလျှော့ချပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
အကယ်လို့ ကိုယ့်မှာ ဒါမှမဟုတ် ကိုယ့်မိသားစုဝင်တွေမှာ ဒီပြဿနာကို မကြာခဏ ကြုံတွေ့နေရတတ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ဖို့သာ အကြံပေးချင်ပါတယ်။
ရဲမျိုးမြတ်